Wednesday, December 30, 2009

ဆုံရ ကြုံရ တက္ကသိုလ် စာသင်ဘဝ

ဆုံရ ကြုံရ တက္ကသိုလ် စာသင်ဘဝ
(အပိုင်း-၇)
ရိပ်မိမှာ စိုးလို့
မြန်မာနိုင်ငံမှ ပါဠိ, အင်္ဂလိပ်, သက္ကတ, ပြာကဋ, ဟိန္ဒီ, မာဂဓီ, အဒ္ဓမာဂဓီ စသော ဘာသာများကို ဟိုစပ်စပ် ဒီစပ်စပ် သင်ယူခဲ့၏။ ဘွဲ့တွေလည်း တသီတတန်းကြီး ရယူထား၏။ သို့သော် မည်သည့်ဘာသာမှ ကိုဝဏ္ဏ မကျွမ်းကျင်။
ပညာရေး အတွက် သီရိလင်္ကာသို့ ထွက်ခဲ့ရာ၊ အိန္ဒိယနိုင်ငံ အပါအ၀င် ခရီးစဉ် တစ်လျှောက်လုံး ၀စီပိတ် ကျင့်ထားသလို လက်ဟန် ခြေဟန်ဖြင့် ခရီးဆက်ခဲ့၏။ သူတို့ကတော့ ကိုဝဏ္ဏအား စကား မပြောတတ်တဲ့ အ.အဟု ထင်ကြပေလိမ့်မည်။ မမှားနိုင်ပါ။ နိုင်ငံခြား၌ အင်္ဂလိပ်စကား မတတ်က အ.အသာတည်း။
သီရိလင်္ကာ ရောက်တော့ Abhayadassanarama ကျောင်း၌ နေထိုင်ခွင့် ရ၏။ မြန်မာဆိုလို့ သူတဦးတည်းသာရှိ၏။ အချိန်ပြည့် အခန်း တံခါးပိတ်ကာ အင်္ဂလိပ် စကားပြော စာအုပ်ကို အာဂုံ ကျက်နေ၏။ “၇-ရက် ၀စီပိတ် ကျင့်မည်” ဟု လိမ်ပြောထားသဖြင့် စာကျက်တာတောင် အသံ မထွက်ရဲ။ “သူတို့ကတော့ မိမိ၏ ၀စီပိတ် ကျင့်စဉ်ကို ကြည်ညို နေကြပေလိမ့်မည်” ဟု တွေး၍ ကိုဝဏ္ဏ ပြုံးပျော်မိ၏။
၇-ရက် ပြည့်ခဲ့ပါပြီ၊ အင်္ဂလိပ်စကား ဟုတ်တိပတ်တိ မရသေး။ ဘာသာစကား မရတော့ သူတို့ ပြောသမျှကိုသာ နားထောင်ရင်း ငေးကြည့်နေရ၏။ တတ်သမျှလေးနဲ့ ကြိုးစားပြောကြည့်၏။ “အင်္ဂလိပ်လည်း မရ သီဟိုဠ်စကားလည်း နားမလည်“ ဟု ဆိုကာ လောကု နှင့် ပေါတိ တို့၏ အထင်သေးခြင်းကို ခံရ၏။ မဟုတ်မခံ ဟုတ်လည်းမခံတဲ့ မြန်မာ့စိတ်ဓာတ် အပြည့်ဝရှိသော ကိုဝဏ္ဏ စိတ်ဆိုးသွား၏။ “ငါ-သူတို့ပြောတာ ငေးကြည့်နေရမည့် လူညံ့မဟုတ်၊ ငါ ပြောတာကို သူတို့ နားမလည်လို့ ငေးကြည့် နေစေရမယ်” ဟု ဆုံးဖြတ်ပြီး။ “ဟေ့ကောင်တွေ….. ၁၂-နာရီ ထိုး တော့မယ်…..။ ငါ-ဗိုက်ဆာပြီကွ၊ ဆွမ်းစားကြမယ်၊ စားချိန်မှန်းမသိ၊ ၀ိနည်းနားမလည်၊ ခွေးကုလားတွေ…..” ဟု ဗမာလို ပြောလိုက်၏။ သူတို့ ကြောင်စိစိ ဖြစ်သွာ၏။ ၀ဋ်လည်ပါပြီ၊ ကိုဝဏ္ဏ ပြောသမျှကို သူတို့ ငေးကြည့်နေရသည့် ဘ၀ ရောက်သွားပြီ။ ကမ္ဘာပတ်နေသည့် ကျောင်းတကာတွေတောင် ကိုဝဏ္ဏ နှင့် ယှဉ်ပြီး စကားမပြောရဲ၊ ကိုဝဏ္ဏပြောသမျှကိုသာ ငေးကြည့်နေရင်း “အ-ပို့…..၊ အ-ပို့…..” ဟူသော အာမေဋိတ်သံမှတပါး တခြား ဘာမှ မပြောတတ်၊ မပြောနိုင်တော့ပါ။ (မှတ်ကရော့…..)။
ကိုယ့်စကား သူမသိ၊ သူ့စကား ကိုယ်မသိ၊ ဒုက္ခများလှ၏။ ထို့ကြောင့် Srisumanarama ကျောင်းသို့ ရွေ့ပြောင်းလိုက်၏။ ဗမာ တစ်ပါးရှိ၍ ကိုဝဏ္ဏ အဆင်ပြေသွား၏။ တက္ကသိုလ် ၀င်ခွင့် လျောက်လွှာ တင်ရန် ဦးနန္ဒ၀ံသ ကို အကူခေါ်၍ သွား၏။ “မော်ကွန်းထိန်းကား မိမိအား တစုံတရာ မေးရင် ‘ ဒီနေ့ သူ ၀စီပိတ် ကျင့်နေလို့ ’ ဟု ပြောပြီး အဆင်ပြေသလိုသာ ကြည့် စီစဉ်ပါ” ဟု ကြိုတင် ပြောထား၏။ ကံ ကောင်းပါ၏။ မော်ကွန်းထိန်းက ကိုဝဏ္ဏ အား တစုံတရာ မပြောပါချေ။
တက္ကသိုလ် တက်တော့ ကိုဝဏ္ဏ တစ်လုံးမှ နားမလည်၊ ဆရာကိုသာ ထိုင်ငေးနေရ၏၊ သူများက ပို့ချချက်ကို ရေးနေရင် ကိုဝဏ္ဏ လည်း ကုန်း၍ ကဗျာ စပ်နေလိုက်၏။ ဆရာက ပြုံးရင် သူလည်း ပြုံးလိုက်၏။ ဆရာက ရယ်ရင် သူလည်း ရယ် လိုက်၏။ နဘေး၌ ထိုင်နေသော ဦးဝိသုတ က သူ့ကို လက်တို့ပြီး လှမ်းမေးလိုက်၏၊
“ဆရာ ဘာပြောတာလဲ”
“မသိဘူး”
“မသိဘဲနဲ့ ဘာဖြစ်လို့ လိုက်ရယ်နေတာလဲ”
“ကိုယ်နားမလည်တာ သူများ ရိပ်မိသွားမှာ စိုးလို့ပေါ့…”။
အင်္ဂလိပ်စကား မရဘဲ ပြည်ပ နေရတဲ့ ကိုဝဏ္ဏ ရဲ့ ဒုက္ခ၊ ကမ္ဘာ့သာသနာပြုမည်ဟု (သောက်ကြီးသောက်ကျယ်) ရည်ရွယ်ချက်ကြီးနဲ့ ပိဋကတ်တော်တွေ နှစ်ပေါင်းများစွာ သင်ခဲ့သမျှ အခုတော့ သူတို့ ရေးတဲ့ စာ ဖတ်မရ၊ ကိုဝဏ္ဏ အကန်းဘ၀ ဖြစ်ရ၏။ သူတို့ ပြောတာ မသိရ၊ နားထိုင်းဘ၀ ဖြစ်ရ၏။ သူတို့မေးတာ ပြန်မပြောတတ်၊ အ.အ ဘ၀ ဖြစ်ရ၏။ အော်….. အင်္ဂလိပ် ဘာသာ မရဘဲ သာသနာ ပြုချင်လှတဲ့ ကိုဝဏ္ဏ ဘ၀၊ အခုတော့ ဒုက္ခိတ။
အကန်း, အ.အ, အထိုင်းဘ၀မှ လွတ်ဖို့ မဆိုင်းမတွ ကုန်းကွကွနဲ့ ရုန်းထနေလေရဲ့…..။ ။


ဒီနေ့ ဘုန်းဘုန်း ကံ ဆိုးတယ်
မြန်မာပြည် နေစဉ်က အင်တာနက် ဆိုတာ ဘာမှန်းမသိ၊ အခုတော့ သူတောင်းစား ထိုင်ခုံရသည့်ပမာ ကျွန်ုပ် အင်တာနက် အွန်လိုင်းပေါ်မှ မဆင်းချင်တော့ပါ။ ထိုညက ၃-နာရီထိုးမှ အိပ်လိုက်ရ၏။ နံနက် ၄-နာရီခန့် အိပ်ပျော်ခါစရှိသေး၊ ကျောင်းပေါ် သူခိုးတက်လို့ ဆူညံပွက်သွား၍ လန့် နိုးသွား၏။ ခိုးယူသွားသော ပစ္စည်းများတွင် ကျွန်ုပ်၏ MP4 နှင့် ဟန်းဖုန်းလည်း ပါသွား၍ ဒေါသကြောင့် အံကြိတ်မိရာ လျှာကို ကိုက်မိသွားသဖြင့် သွေးခြေ ဥသွား၏။
၆-နာရီ လင်းလုခါနီးမှ တမှေးခန့် အိပ်ပျော်သွားရာ အာရုဏ်ဆွမ်း တစ်နပ် ငတ်သွားရပြန်၏။ ဗိုက်ဆာလို့ စိတ်ညစ်နေရတဲ့အထဲ ကျောင်းနေ ဘုန်းကြီး တစ်ပါးက “ကိုယ်တော်… ကျောင်းမရှာသေးဘူးလား…” တဲ့၊ စိတ်ရော စေတသိက်ပါ ညစ်သွားရပြန်၏။ အာဂန္တုအသက် ၇-ရက် ဆိုပေမယ့် မိမိကား တစ်လ ကျော်ပြီဆိုတော့ သူတို့လည်း ငြိုငြင်ရှာမှာပဲ ဟု စိတ်ကို ဖြေသိပ်လိုက်ရ၏။ နေစရာ ကျောင်းရှာနေတာ တစ်လ ကျော်ပေပြီ။ အခုထိ မတွေ့သေး၊ တွေ့သည့် ကျောင်းကလည်း အခန်း ငှားခ က အဆမတန်၊ ပါလာသည့် ငွေနှင့် မည်သို့မှ မလုံလောက်၊ မမျှော်လင့်ဘဲ ကုန်သွားရသည့် ငွေတွေကလည်း မနည်းလှ၊ တက္ကသိုလ်ဝင်ကြေးက USD 600 (မြန်မာငွေ ၇-သိန်းကျော်) ရေခ, မီးခ, စားစရိတ်, အဆောင် စရိတ်, အင်တာနက်ကြေး, ဖုန်းစရိတ် မတွက်မိအောင် သတိထားနေရ၏။ (နှလုံးရောဂါရပြီး မြန်မြန်သေမှာ စိုးလို့)။
ဘုရားဖူး ဧည့်သည် မရှိတော့ ၀င်ငွေ နတ္ထိ။ အလှူရှင်ဆိုလို့ ရှားရှားပါးပါး စင်ကာပူနိုင်ငံမှ ဒါန သီရိလင်္ကာ အသင်း တစ်ခုတည်းမို့ သူတို့ကို မှန်းဆပြီး မေတ္တာပို့ရတာလည်း မမောနိုင် မပန်းနိုင်။
“တုံး…တုံး…တုံး” ဟော- တုန်းခေါက်သံ ကြားရပြီ။ ဆာလောင်လှတဲ့ ၀မ်း အေးဖို့ ငပိကြော်လေးနဲ့ လွှေးလိုက်မယ် တွေးပြီး မြန်မာပြည်က ငပိကြော် ခွက်ငယ် တစ်ခုနှင့် ခွဲထည့်ယူသွား၏။ ဆွမ်းဝိုင်းရောက်တော့ သွက်လိုက်ကြတဲ့ လက်တွေ၊ မြန်မာပြည် အောက်ပိုင်းဒေသ ဦးရှင်ကြီး တင်ပွဲထက် ဆိုးသေး၏။ ကိုယ်မစားလိုက်ရ၊ ဒါန မန်းကီး (မြောက်) သွား၏။ ၇၅-စက္ကန့်အတွင်း ပြောင်သွားသော ငပိကြော်ခွက်ကို ကြည့်ကာ မလွဲသာ ဒါနကြောင့် ဟန်ဆောင်ပီတိနှင့် ဒေါသပြုံးလေးပြုံးပြီး ဆွမ်းဝိုင်းမှာ ရှိတဲ့ ပဲဟင်းလေးနှင့်ပင် လွှေးလိုက်ရ၏။
နေ့ဆွမ်းစားပြီးတာနဲ့ တက္ကသိုလ်သို့ သွား၏။ လိုင်းကားခက အနည်းဆုံး တစ်နေ့ကို Rs-50 (မြန်မာငွေ ၅၀၀ ကျော်) တစ်နှစ်စာ ပေါင်းလိုက်ရင် မသက်သာလှ၊ လိုင်းကား တိုးစီးရတဲ့ ဒုက္ခကလည်း မသေးလှ၊ ဗုဒ္ဓဘာသာ နိုင်ငံမို့ လူတိုင်း နေရာ ပေးကြပါ၏။ ထိုင်ခုံနှင့် ထိုင်ရလို့ ချမ်းသာတယ် မထင်လိုက်ပါနဲ့၊ ဒီနေ့ ၀၀ တုတ်တုတ် ကုလားမကြီး တစ်ယောက် ကားပေါ် တိုး တက်လာပြီး မိမိ ထိုင်ခုံအနား ကျောပေး၍ ရပ်နေ၏။ မျက်နှာ ရှေ့တည့်တည့်၌ မိုးဗြဲ ဒယ်အိုးဖင်ကြီး ကာဆီးထားသည့်ပမာ၊ ရှောင်မရ လွှဲမရ စိတ်ညစ်လှ၏။ “မော်ဒယ် အပျိုလေးဆို တော်သေးရဲ့…..၊ အခုတော့ အသက် ၆၀-အရွယ်ကြီး၊ ကံဆိုးလိုက်တာကွာ….. ” ။ တွေးနေဆဲမှာ ကားက ရုတ်တရက် ဘရိတ်အုပ်လိုက်ရာ မိမိမျက်နှာပေါ် သူ့ဟာကြီး…..။ အမလေး….. ရှက်လိုက်တာ၊ နံလိုက်တဲ့ ဖြစ်ခြင်း၊ ဒိတ်အောက်ငါးပိစော်လိုလို၊ ဘဲဥပုပ်စော်လိုလို။
အရေးထဲ ကားပေါ်ပါလာသော ဦးဇာဂရ က လှမ်းနောက်လိုက်ပြန်၏ “ဟေ့… ကိုဝဏ္ဏ- မိမိနှာခေါင်းကြောင့် မြန်မာ့သာသနာကို မထိခိုက်ပါစေနဲ့… တဲ့”။ “ကြမ္မာရယ်မွှေ…..၊ မရဏာပြေ.. တကယ်သွားချင်ပေါ့.. ပဋာစာရီသား…..” ဟု ငိုချင်းသာ ချလိုက်မိပါတော့သည်။
တက္ကသိုလ်ကို ရောက်တော့ စားထားသော ပဲဟင်းက စာသင်ချိန်၌ အစွမ်းပြနေလေ၏။ ပတ်ဝန်းကျင်ကို အားနာတာနဲ့ လေရွှင်ချင်တဲ့ ရွှေဖင်ကို အတင်းပိတ်ထားလိုက်ရ၏။ သူ့ခမျာ အထွက်ပေါက် အပိတ်ခံရ၍ အူကြိုအူကြား ပြေးလွှားရင်း ဆန္ဒပြနေတော့၏။ စာသင်ပြီးတာနဲ့ ညှစ်ထုတ်ပစ်လိုက်တာ အံစော်နီးရုံမက ချံစော်ပါ နီးသွား၏။ ကိစ္စက ဂိတ်ဝ ရောက်နေပြီဆိုတော့လည်း ကုဋီ (အိမ်သာ) သို့သာ သုတ်ခြေတင်လိုက်ရ၏။ ကုဋီသို့ရောက်ကာမှ စီနီယာမကျသေးသဖြင့် ၁၈-မိနစ်ခန့် နှာခေါင်းပိတ်ကာ အောင့်အီးနေရ သေး၏။ ကိစ္စပြီးသောအခါ ခပ်သုတ်သုတ် ထွက်လာခဲ့ရာမှ ရုတ်တရက် ချော်လဲသွားပြန်၏။ “ရေတွေစိုရွှဲ ဒူးလည်းပြဲ သေပဲသေချင်တယ်” အရေးထဲ ကဗျာစုတ်က စိတ်ထဲ ၀င်လာသေး၏။ ရေစိုသင်္ကန်းကို ထက်အောက်ပြောင်းပြန် လှန်ဝတ်ပြီး ထွက်လာခဲ့၏။ အပြင်ရောက်တော့ အပေါင်းအဖော်များ တစ်ဦးမှ မတွေ့ရတော့ချေ။ စိတ်ဓာတ်များ ခြေဖျားထိ ကျဆင်းသွား၏။
တစ်ယောက်ထဲမို့ စိုးရိမ်စိတ်ကများပြီး ကားမှားစီးမိသလား၊ ဆင်းမည့်မှတ်တိုင် လွန်သွားတာလား၊ မရောက်သေးတာလား မဝေခွဲတတ်၊ အဲဒါမှ အကြီးအကျယ်ပြဿနာ၊ ဆက်သွယ်စရာ ဖုန်းကလည်း ည ကမှ အခိုးခံထားရတော့ အဂ္ဂမဟာ ဒုက္ခိတ ကြီး ဖြစ်နေရ၏။ ရောက်စမို့ အင်္ဂလိပ်စကားက မတောက်တခေါက်၊ ဒီကားက ဂါမဏီဟောကို ရောက်မှာလား?၊ ကိုယ်မေးတာကို သူတို့ နားမလည်၊ သူတို့စကား ကိုယ်နားမလည်၊ ဘယ်ရောက်လို့ ရောက်နေမှန်းမသိ၊ မထူးတော့ပြီမို့ ကားပေါ်ကဆင်းလိုက်၏။ ကုလားကြီးတစ်ဦးကို “ဂါမဏီဟော ဘယ်ကားစီးရမလဲ” ဟု မေးလိုက်၏။ “အေကိုက် ဒေကိုက် ဗင်ဒုဝ” တောက်- အရေးထဲ ဒီ သောက်ကုလား က တမျိုး၊ ဘာပြောမှန်းလည်းမသိဘူး။ နောက်တစ်ယောက်ကို စောင့်ရင်း မေးရ၏။ 120- ဟု ပြောသဖြင့် ထိုကားကို တက်စီးလိုက်၏။ ဆင်းမည့်နေရာကို လမ်းတစ်လျှောက်လုံး ဂရုစိုက် ကြည့်သွား၏။ တစ်နာရီခန့် ကြာသောအခါ၊ “ဒီနေရာကို ငါ မှတ်မိပါတယ်” လို့ ကြည့်လိုက်ရာ၊ တက္ကသိုလ်အရှေ့သို့ ပြန်ရောက်နေမှန်း သိရ၏။ ထိုအခါမှ ကားလမ်းကြောင်း ပြောင်းပြန် စီးမိမှန်း သိရ၏။ ကားပေါ်မှ ချက်ချင်းဆင်းကာ တက္ကစီ-ကား ငှားပြီး မြန်မာကျောင်းသို့ ပြန်ခဲ့ရ၏။ တက္ကစီ ခ Rs-700 တောင်းသဖြင့် ဖတ်ဖတ်မောသွား၏။ မြန်မာကျောင်းရောက်တော့ တော်တော်မိုးချုပ်နေပါပြီ။ “ကိုဝဏ္ဏ… နောက်ကျလှချီလားဗျ၊ ကားပေါ်တွေ့ခဲ့တဲ့ ကုလားမအဖွားကြီးနဲ့ ဘယ်သွားချိန်းတွေ့နေလို့လဲ…”။ မိမိနှာခေါင်းကြောင့် မြန်မာ့သာသနာကို မထိခိုက်ပါစေနဲ့- လို့ နေ့လည်ကားပေါ်လှမ်းအော်ခဲ့တဲ့ ဦးဇာဂရ ရဲ့စကား၊ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ရင်ဝကို ဆောင့်ကန်ခံလိုက်ရသည့်အလား။
အပေါင်းအသင်းများ၏ ဟားတိုက် ပြောင်လှောင်မှုအကြား ငိုရမလား ရယ်ရမလား မကွဲပြားတဲ့ ဘုန်းဘုန်းဘ၀ တရားခံကား ငွေ မလုံလောက်တဲ့ကိစ္စ၊ အမေရယ်….. သားတို့ လည်း ဒုက္ခအပေါင်းနဲ့ ရင်ဆိုင်နေရတာပါဗျာ…။ ကျနော် ကိုဝဏ္ဏ ပြည်ပမှာ ဒုက္ခအပေါင်းကို ရင်မှာပိုက် ထားရသော်လည်း ပြုံးလျက်ပျော်လျက်ပါ၊ သာကီဖွားတဲ့ ဇာနည်ကျားမို့ ခံနိုင်ရည်ရှိပြီးသားပါ။ ။



စောက်ချီး ကုလား
ကိုဝဏ္ဏ ခမျာ ကျောင်းစာတွေ မနိုင်မနင်းမို့ အလုပ်ရှုပ်နေ၏။ အလိုက်မသိသော ဘင်္ဂလားဒေရှ် ရဟန်းတပါးက မိတ်ဆက်စကား ပြောကြားရင်း လျာရှည်နေတော့၏၊ (စာလုပ်နေမှန်း သိရက်နဲ့ အလိုက်မသိ)၊ အရည်မရ အဖတ်မရ စကားတွေနဲ့ အချိန်ကုန်တာမို့ ကိုဝဏ္ဏ စိတ်ကမရှည်၊ နာမည်ကို ပြောထားပြီး ဖြစ်ရက်နဲ့ မေ့သွားလို့ဆိုပြီး ထပ် မေးပြန်၏။ ကိုဝဏ္ဏ မျက်နှာကြော တင်ပြီး ခတ်တည်တည် တွယ်လိုက်၏။ “မိုင်နိမ်းမစ်ဖေဖေ” “ဖေဖေ ဆိုတဲ့ နာမည် သိပ်ကောင်းတာပဲ၊ ဒို့ နာမည်က ဇောတိရတန- တဲ့ ဒီနာမည် မကြိုက်ဘူး၊ နာမည် ကောင်းကောင်းလေး လိုချင်တယ်” “စောက်ချီး ကုလား” ဆိုတဲ့ နာမည် ကြိုက်လား၊ “စောက်ချီး ကုလား - ဟာ့…သိပ်ကောင်း သိပ်ကြိုက်၊ လှပခန့်ငြားသော နာမည်အသစ် ရရှိသောကြောင့် ဘင်္ဂလားဒေ့ရှ် - ရဟန်းတော် ပျော်သွား၏။ ထို့အချိန်မှစ၍ သီရိလင်္ကာ၌ ကိုဝဏ္ဏ အမည် - ဖေဖေ၊ သူ့အမည် စောက်ချီး ကုလား - ဟု တွင်သွား၏။
ပခုက္ကူ ရောက်စကလည်း ကိုယ်တော်တပါးက နာမည်မေးရာ “ကိုဝဏ္ဏ” ဟု ဖြေပါ၏၊ ဘယ်ဇာတိလဲ?၊ “ထားဝယ်ကပါ”၊ ထားဝယ်လို ကိုဝဏ္ဏ ကို ဘယ်လိုခေါ်လဲ? ဟု မေးပြန်၏။ လျှာရှည်လှသောကြောင့် ထိုသူ့ကို အမြင်ကပ်ပြီး “မယ့်မယ်လန် - ခေါ်ပါတယ် ဟု ပြောလိုက်၏ (မှတ်ချက် - - မယ့်မယ်လန် ဟူသည် ထားဝယ်စကားဖြစ်၏ [အမ - ယောကျာ်း ] အမလင် ဟူသော အဓိပ္ပါယ်ရ၏)။
ထိုသူမှ တဆင့် ပခုက္ကူ၌ ကိုဝဏ္ဏ အမည် မယ့်မယ်လန် - ဟု တွင်သွား၏ ရပ်ကွက်ထဲ၌ပင် မယ့်မယ်လန် ဟု ခေါ်ကြတော့၏။ အသက် ၈၀ - ကျော် ဆရာတော် ဦးပညာသီရီ ပင် တခါတလေ ရောက်လာပြီး “ ဟဲ့ - မယ့်မယ်လန် စာ ကြိုးစားလှချည်လား” ဟု ပဋိသန္ထာရ ပြုလေ့ရှိ၏၊ ၀ဏ္ဏ လို့သာ ခေါ်ပါဘုရား - ဟု လျောက်လည်း မရ၊ အားမရဘူးကွ - မယ့်မယ်လန် ပဲ နှုတ်ကျိုးနေတာ - ဟု ပြော၏။ ၅၆ ခု သူ့မိဘများ ပခုက္ကူသို့ ရောက်လာကြ၍ မယ့်မယ်လန် - ၏ အဓိပ္ပါယ် အမှန်ကို ပခုက္ကူ က သိသွားရင် ၀ိုင်း ရိုက်ကြလို ဈာပန အတွက် အလောင်းတောင် ရှာတွေ့တော့မှာ မဟုတ်၊ ဒါ့ကြောင့် ဟန် မပျက် နေကြရန် ပြောထားရ၏။
ပခုက္ကူ ၌ အမများ ဆက်သ ခံရသော ကိုဝဏ္ဏ သည် ယခုအခါ သီရီလင်္ကာနိုင်ငံ၌ ဖေဖေ - ဟု ခေါ် ခံနေရသဖြင့် ၀မ်းမြောက်စွာ ပီတိ ဖြစ်နေတော့၏။ ကိုဝဏ္ဏ အဖို့ ထိုပီတိကို မြန်မာတို့၏ စည်းစိမ် ဖြင့်ပင် လဲနိုင်လိမ့်မည် မထင်။ “ဇနီး မယား နှင့် သ္မီးသား အများဆုံးသူကား ကမ္ဘာပေါ်၌ မိမိမှ တပါး တခြားမဖြစ်နိုင် ” ဟု တွေး၍ ပျော်ရွှင်မှုကို အရယူတတ်၏။ ဖေဖေနှင့် စောက်ချီး ကုလား ဇာတ်လမ်းကား မဆုံးသေး၊ တစ်နေ့ ကျောင်းတကာ တစ်ဦး ရောက်လာပြီး မွေးခါစ သူ့မြေးလေးကို စောက်ချီး ကုလား ဟု နာမည်မှည့်ချင်ကြောင်း ခွင့်တောင်းလာ၏။ “အောင်ဆန်း - လို့ ပေးလိုက်ပါ၊ ပိုးကောင်းပါတယ်။ ပြောလဲမရ၊ အားလုံးက စောက်ချီး ကုလား ဆိုတဲ့ နာမည်ကိုပဲ ကြိုက်ပါတယ် ဟု ဆို၏။ အခုတော့ လူမမယ် ခလေးငယ်လေးခမျာ စောက်ချီး ကုလား ဖြစ်ရရှာတော့၏။
ဇနီး မယား သ္မီးသားနှင့် နေထိုင်ခွင့် မရသော ဒုက္ခကို ပီတိအတုနှင့် ကျေနပ်နေရသော ကိုဝဏ္ဏ ဘ၀၊ အော် …. သုခ...သုခ၊ အဲလေ … ဒုက္ခ…ဒုက္ခ၊


မယ်ပု ကို ရေခဲမုန့် ကျွေးချင်တယ်
အခန်း(၁)
စာသင် သံဃာများ ကွန်ပြူတာရှေ့၌ စာပေကို အသည်းအသန် ကြိုးစားနေကြ၏၊ ဦးဥတ္တမ ကား ညောင်ပင်ကြီး အောက်၌ တမှိုင်မှိုင်၊
“စာ မကျက်ဘူးလား - - ဘာတွေတွေးနေတာလဲ?” ဟု ကိုဝဏ္ဏ က မေး၏
“စာ ကျက်လို့ကိုမရဘူး၊ ရွာက မယ်ပု ဆီပဲ စိတ်ကရောက်နေလို့”
“အမလေး … ဘ၀တူ ဘုန်းကြီးအချင်းချင်း လာကြွားနေပြန်ပြီ၊ နောက်ဘ၀ နတ်သ္မီး ၅၀၀ - ရမှာပဲ၊ အောင့်ထားလိုက်စမ်းပါ၊ ကိုယ်တော့ ဒကာမလေးက အခုလောက်ဆို ကလေးနှစ်ယောက်လောက် မွေးပြီးရော့မယ်၊ လွမ်းမနေပါနဲ့ ….”
“မယ်ပု က အပျိုမဟုတ်ဘူး၊ အသက် ၇၀ - ကျော် အဖွားကြီးဗျ”
“ဘုရား … ဘုရား… ကိုယ်တော်က အဲဒီ အဖွားကြီးကို” “သေချင်တယ်…. သေချင်တယ်”။
“စိတ်ထိမ်းစမ်းပါ ဦးဥတ္တမ ရာ ..၊ သင်္ကန်း ၀တ်ကြီးနဲ့ အချစ်အတွက် အသက်သေတယ် ဆိုတာ ကျော်မကောင်း ကြားမကောင်း” ဦးဥတ္တမ သည်၊ ညောင်ညိုကိုင်းမှ သောကကင်းသော နွေ ဥသြကို ငေးမော အားကျရင်း မျက်ရည်များဝိုင်းလာတော့၏။
အခန်း (၂)
ဆွမ်းဝိုင်းတွင် ၀က်သားဟင်း ၃-ခွက်၊ ကြက်သားဆို အကြော်တမျိုး၊ အချက်တစ်မျိုး၊ တောက်တောက်ကြော်၊ ကုန်းဘောင်ကြီးကြော်၊ မြန်မာစားစရာများမက တရုတ်၊ ကိုးရီးယား စားစရာတွေပါ စုံလင်လှ၏။ မနေ့ညက မြင်ခဲ့ရသည့် ရန်ကုန်မြို့တော်ကြီး။ တိုက်တွေ၊ ကားတွေက အံ့မခန်း ငေးမောမဆုံး၊ အစားအသောက်ကျပြန်တော့လည်း နတ်သြဇာတမျှ“ငါ-နတ်ပြည်ကိုများ ရောက်နေရော့သလား..၊ အိပ်မက်တော့ မဟုတ်တန်ရာဘူး..ဟု ဦးဥတ္တမ တွေးနေမိ၏။ တွေ့မြင်ခဲ့သမျှ အရာရာ အားလုံးသည် ဦးဥတ္တမ အဖို့ အထူးအဆန်းတွေချည်းဖြစ်နေ၏။
အသင့်ပြင်ထားသော ဆွမ်းဝိုင်းရှေ့ ထိုင်ကာ အားပါးတရ စားမည် ဟန်ပြင်ကာမှ ရွာအကြောင်း တွေးမိသဖြင့် ရင်ထဲဆို့နင့်ကာ ပျို့တက်သွား၏။
ထင်းအစား ကျောက်မီးသွေးသုံးပါလို့ အမိန့်ထုတ်ထားတာ၊ အခု ထင်းတွေ့တယ်ဆိုပြီး အဆဲခံရ၊ အရိုက်ခံရ၊ ဒဏ်ငွေ(၅၀၀)လည်း ဆောင်ရဦးမှာတဲ့၊ မရှိဘူး တောင်းပန်လည်းမရ၊ တအိမ်လုံး မွှေနှောက်ရှာဖွေပြီး ရှိတဲ့ငွေလေးတွေ အကုန်သိမ်းသွားတယ်ဘုရား..။
အစည်းအဝေး မတက်အားလို့ ဒဏ်ငွေတောင်းတယ်၊ ပေးစရာမရှိလို့ လှဖေကြီး ဖမ်းသွားပြီဘုရား..၊ ပဲရွေးတာ တနေ့မှ (၃၀၀)ရတယ် အိမ်ရှေ့လမ်းပြင်ဖို့ တအိမ် (၅၀၀၀)ဆိုတော့ ရောင်းစရာမရှိ၊ ပေါင်စရာမရှိ၊ ထောင်ထဲရောက်ရတော့မယ်ဘုရား..။
အားကိုးရာမဲ့ တောသူ တောင်သားဘ၀၊ ဒုက္ခမှန်သမျှ ဘုန်း ကြီးရှေ့မှာ ဖွင့်အံပြ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ မျက်ရည်စတွေကို ဆွမ်းခံကိုယ်တော်၏ ခြေဖမိုးပေါ် သွန်ချ၊ ခြေသလုံးဖက်ပြီး ငိုသူငို၊ ရှိုက်သူရှိုက်၊ သူတို့ဆွမ်းကို ဆို့နင့်နင့်နှင့် အတင်းမျိုချလည်း ပြန်အန်ထွက်ခဲ့ရ၊ ဆွမ်းခံဖို့အရေး ရင်လေးလှ၏။
တောမြို့ စာသင်တိုက်လေးမှာ ခရမ်းသီးပြုတ်၊ ငရုတ်သီးထောင်းနဲ့ နှစ်ပေါင်းများစွာ။ ကြိုးစားလို့ ရခဲ့သမျှ စာအောင်ဆုငွေလေး ကိုယ်မသုံးရ၊ သူတို့ကို ဝေငှရင်း ထပ်တူ ထပ်မျှ၊ ခံစားရ၊ အော်….တောသူ တောင်သားဘ၀ ရန်ကုန်နဲ့တော့ နှိုင်းမရအောင် ကွာဟ။
ရန်ကုန်သို့ ဘွဲ့ယူလာသော ဦးဥတ္တမ သည် ရန်ကုန်နှင့် တောရွာအဆင့်အတန်း ကွာဟမှုကို တွေးမိပြီး ရင်ထဲ၌ ဆို့နင့်သွား၏။ စားလိုက်မည်ဟု အားခဲထားသော ၀က်သားတုံးကြီးကို မစားနိုင်တော့ပါ။
အခန်း(၃)
ဦးဥတ္တမ ရန်ကုန်က ပြန်ကြွလာပြီဟေ့….။
တောသူ တောင်သားတို့ ၀ိုင်းအုံရောက်လာကြ၏။
ဗဟုဿုတ ကြွယ်ဝဆုံး၊ ချမ်းသာဆုံးဆိုတဲ့ ရေဒီယိုပိုင်ရှင် သူဋ္ဌေး ကိုချက်ကြီး က မေး၏။
“ကိုယ်တော်…ရန်ကုန်မှာ အင်တာနက်ဆိုတဲ့ စက်ကြီး တွေ့ခဲ့ရလား၊ ရေဒီယိုက တိုက်ရိုက်ကြားရအောင်အွန်လိုင်းပေါ် တက်စီးပြီး စကား ပြောချင်လိုက်တာ...၊ အဲဒီစက်ကြီးက ဟို..နွားတင်းကုတ်လောက် ရှိမလားမသိဘူးနော်”။
တင်မြက ၀င်ပြော၏။ “ကိုယ်တော်..ရန်ကုန်မှာ ကားစီးရတာ ပျော်လွန်းလို့ ဒို့အတွက်သကြားလုံး ၀ယ်လာမယ်ဆို မေ့သွားတယ်နဲ့တူတယ်..။
အဖွားမယ်ပု က ၀င်ပြော၏။“ ကိုယ်တော်.. အိုင်တင်တင် မုန့်ဆိုတာ စားခဲ့ရလားဘုရာ့..”။ “အိုင်စကရင် ပါအမေကြီးရာ” “မသိပါဘူးတော်…ရွာဘုန်းကြီး ပြောလို့သာ ယုံလိုက်ရတယ်၊ အဲဒီမုန့်က လျှာပေါ်တင်လိုက်တာနဲ့ အရည်ဖြစ်သွားတယ်ဆိုပဲ၊ ၀ါးစရာမလိုဘူးတဲ့..၊ ငါတော့ သွားမရှိတာနဲ့ စားကြည့်ချင်လိုက်တာတော်..။
ထွေးလေး က ၀င်ပြော၏။ “အမယ်ကြီးပု ရာ…အဲဒီမုန့်မျိုး ကျုပ်တို့ တောသူတွေ စားရဖို့မပြောနဲ့ မြင်ဖူးအောင်ပဲ မနဲဆုတောင်းရမယ်၊ တထုပ်ကို တသိန်းလောက် ပေးချင်ပေးနေရမှာ..”။ “ငါတော့.. စားဖူးတယ်ရှိအောင် အိမ်က ချိုကုတ်(နွား) ကြီး တစ်ကောင်ရောင်းပြီး သွားဝယ်စားကြည့်ချင်တော့တယ်အေ…”။
ပုစူးမ က ၀င်ပြော၏။ “ ကိုယ်တော်…အဲဒီမုန့်က ၀က်သားဟင်းလောက် ကောင်းလို့လား ဟင်..”။ “နင်က ၀က်သားဟင်း စားဖူးလို့လား” ။ “စားဖူးပ..ကိုယ်တော်ကလည်း အထင်သေးလိုက်တာ”။ “ဘယ်တုံးက စားဖူးလို့လဲ…”၊ “ ဦးတုတ်ကြီးတို့ ရှင်ပြုတုန်းက…၊ မိအေးတောင် သူ့အမေအတွက် အဆီတုံးကြီး ခါးကြားညှပ်ယူသွားသေးတယ်..”။
ဝက်သား-ဟူသော အသံကြားရသည်နှင့် ရန်ကုန်မှ ၀က်သားသုံးခွက်ပါသော ဆွမ်းဝိုင်းကြီးကို ဦးဥတ္တမ မြင်ယောင်လာမိ၏။ တောရွာကို မစင်တွင်းကြီးပမာ ရွံမုန်းလာတော့၏။ ရန်ကုန်ပြန် ဦးဥတ္တမ အဖို့ တောရွာလေးမှာ ဘယ်လိုမှ မပျော်ပိုက်တော့ချေ။ ရန်ကုန်သို့ ပြောင်းရွှေ့သွားတော့၏။
အခန်း(၄)
“အရှင်ဘုရား ဘွဲ့ရှစ်ခုတောင် ရပြီးပြီဆို…” ၊ “ ဟုတ်တယ် တကာကြီး” ။ အရာရှိကြီးတစ်ဦးသည် ၀မ်းသာအားရ လျှောက်တော့၏။ “လိုအပ်တာ အမိန့်ရှိပါ၊ တပည့်တော် ဒကာခံပါ့မယ် ” ၊ “ဦးဇင်း- သီရိလင်္ကာ စာသင်ထွက်ချင်တယ်” ၊ “ ကောင်းတယ်ဘုရာ့ တပည့်တော် တာဝန်ယူပါ့မယ်” ဟုဆိုကာ ဒေါ်လာ (၅၀၀၀)ချက်ချင်း ထုတ် လှူသွား၏။
အခန်း(၅)
“တပည့်တော်လေ… အဲဒီတုန်းက ၀မ်းသာလိုက်တဲ့ဖြစ်ခြင်း၊ တကာကြီးကိုတောင် ကျေးဇူးတင်ကြောင်း ဘယ်လိုပြောရမှန်းမသိ ဖြစ်သွားတယ်”
“ဒေါ်လာ(၅၀၀၀) ဆိုတော့ မြန်မာငွေ သိန်း(၆၀)ကျော်၊ များလှချီလား”
“သူတို့က အရာရှိတွေလေ..လှူနိုင်တာပေါ့”
“နေစမ်းပါဦး..ချက်ချင်းထုတ်လှူတယ်ဆိုတော့- ဒေါ်လာကို တရားဝင်ကိုင်ဆောင်ခွင့်မှ မရှိတာ”၊ “ကိုဝဏ္ဏ ရယ်…သူတို့က အရာရှိတွေဗျ..”၊
“ဒီလို စေတနာကောင်းတဲ့သူ ရှားတယ်၊ သာသနာအတွက် ကျေးဇူးကြီးမားပါတယ်၊ ကိုယ်တော် သူတို့ကို မေတ္တာပို့ပေးပေါ့…”၊
“ဘယ်ဖြစ်မလဲ ကိုဝဏ္ဏ ရဲ့.. သူတို့က အရာရှိတွေလေ..”။
“တပည်တော်လေ- မြန်မာနိုင်ငံက အထွက် လေယာဉ်ပေါ် တက်မိတာနဲ့ ဒုက္ခဘုံမှ လွတ်ပြီ၊ ကျွတ်ပြီလို့ စိတ်ကဖြစ်ပြီး ပျော်လိုက်တာ၊ ပျော်လွန်းလို့ အိန္ဒိယ ရောက်တာနဲ့ နေရဉ္ဖရာ မြစ် သဲပြင်ထဲ တစ်ယောက်ထည်း ခုံပေါက်ပြေးလွှားပစ်လိုက်တယ်”။
“ချီးပုံတွေ မနင်းမိဘူးလား” “မနင်းမိဘူး၊ ချီးတွင်းထဲ နေခဲ့ရတာနဲ့ စာရင် ချီးပုံနင်းမိတာက တော်သေးတာပေါ့”။ “ကိုယ်တော်က နေစရာမရှိလို့ ချီးတွင်းထဲ ၀ါဆိုခဲ့ရတယ်နဲ့တူတယ်”၊ “တောမှာ နှစ်ပေါင်းများစွာ နေခဲ့ရတာ ချီးတွင်းကြီးထဲ နေရတာထက် ဆိုးတယ်ဗျ..”။
“အခုတော့ လက်ထဲ ငွေလေးရှိနေတော့ ရွာပြန်ပြီး မယ်ပု ကို ရေခဲမုန့် ကျွေးချင်တဲ့စိတ်က အိပ်မက်ထဲတောင် ရောက်ရောက်လာလို့ စာကျက်လို့ကို မရပါဘူးဗျာ..”။



အန္တရာယ်ကင်းပရိတ်
မကုဋ- မြန်မာကျောင်း ညောင်ပင်ကြီးအောက်၌ ၀ိုင်းဖွဲ့ စကားပြောရင်း ကိုဝဏ္ဏ တို့ သီချင်းဆိုကြ၏၊ ထိုနေ့ကား စာဖြေပြီးသောနေ့ ကွန်ပျူတာနှင့် စာအုပ်များ ပိတ်ထားရသောနေ့၊ ခါတိုင်းဆို ကွန်ပျူတာရှေ့ တနေကုန်၊ သိန်းပေါင်းများစွာ အကုန်ခံထားကြရသည်မို့ မည်သူမှ အချိန်မဖြုန်းရဲ၊ တည်ဆဲ ဥပဒေအရ စိတ်ကို အကျယ်ချုပ် ချထားရ၏၊ အချုပ်ထောင်ထဲ ကျောင်းစာနှင့် နဘန်းလုံးရတာ ပင်ပန်းလှ၏၊
ထိုနေ့ကား “အို…ရုပ်နှင့်နာမ် အတော်ပင်ပန်းသွားပြီလား..၊ ကုန်ငွေနှင့်တန်အောင် ခိုင်းမိတာ စိတ်မကောင်းပါဘူးကွာ၊ ဒီနေ့ တစ်ရက်တော့ သင်တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်၊ သွားလိုရာသွားပေတော့…” ဟု ခွင့်ပြုလိုက်၏။ နတ်ပြည် ရောက်သွားသလား၊ ဗြဟ္မာ့ပြည် ရောက်သွားသလား မပြောတတ်၊ အတော်ပျော်သွား၏။ စိတ်လွတ်ကိုယ်လွတ် သီချင်းဆိုပစ်လိုက်ကြ၏။
လူသားတို့လို ကာမစည်းစိမ်ဖြင့် ပျော်ခွင့်မရသော ကိုဝဏ္ဏ တို့ဘ၀ သီချင်းလေးနဲ့ နှစ်သိမ့်မယ် ကြံကာမှ၊ သီချင်းက မည်သူမှ မရ၊ မြန်မာပြည်နေစဉ်က ဆွမ်းခံရင်း ကြားခဲ့သမျှ သီချင်းတွေ သူတပေါက် ကိုယ်တပေါက် တောင်ရောက် မြောက်ရောက်၊ တချို့ သီချင်းဆိုတာ ဘုန်းကြီးလေသံမပျောက် တရားဟောသံပေါက်၏။ သီချင်းဆိုရင်း ရှေ့ဆက်မရတိုင်း “ဧတေန သစ္စ ၀စ္စေန သောတ္ထိ တေ ဟောတု သဗ္ဗဒါ” ဟု အသံပြိုင်အော်ရင်း ပျော်ခဲ့ရ၏။ ဤဂါထာကား သီရိလင်္ကာနိုင်ငံ ပရိတ်ရွတ်ရာ၌ ပရိတ်တစ်ပုဒ်ရွတ်ဆိုပြီးတိုင်း အဆုံးသတ်လေ့ရှိသော ဂါထာဖြစ်၏။ ယခုကား သီချင်း ရှေ့ဆက်မရတိုင်း ဧတေန သစ္စ ၀စ္စေန- ဖြင့် အဆုံးသတ်နေရ၏။ နဘေး အိမ်များမှ ကုလားတွေက ကိုဝဏ္ဏ တို့ကို ချောင်းကြည့် ခိုးကြည့်နေကြ၏။
နောက်တနေ့ ကုလားမ တစ်ဦး ရောက်လာပြီး “ညက ညောင်ပင်အောက်မှာ ဘာတွေ ရွတ်ဖတ်ကြတာလဲ” ဟုမေး၏၊ “အန္တရာယ်ကင်း ပရိတ်ရွတ်ကြတာ” “အော်…ထင်တော့ ထင်သား၊ ဒါပေမယ့် တခါတလေ အားပါးတရ ရယ်မောကြတာတွေ့ရလို့ အံ့သြနေကြတာ…”။ “ငါတို့က ပရိတ်ကို မင်းတို့လို အိပ်ချင်အောင် ရွတ်တာမဟုတ်ဘူး၊ ပျော်ပျော်ပါးပါး ရွတ်ကြတာ”။ “ဟာ…ကောင်းလိုက်တာ …အတုယူစရာပဲ၊ ဒါနဲ့ အဲဒီတုန်းက ထိုင်တဲ့သူကထိုင် တုံးလုံးပက်လက် အိပ်သူက အိပ်ပြီး ရွတ်ဆိုကြတာတွေ့ရတယ်၊ အဲဒါက ဘယ်လိုလဲ..” ၊ “ဒါက..ပရိတ်ရွတ်တဲ့အခါ စိတ်ကျဉ်းကြပ်မှု မရှိ၊ လွတ်လပ်မှုကို ဖော်ပြခြင်းသဘောပဲ..”ဟု ပြောလိုက်ရာ ကုလားမ အတော် ကြည်ညိုလေးစားသွားဟန်တူ၏။ ထိုင်ကန်တော့ပြီး “သိပ်ကောင်းတာပ၊ဲ သီရိလင်္ကာ အန္တရာယ်ကင်းအောင် မကြာ မကြာ ရွတ်ဖတ်ပေးတော်မူပါ” ဟု လျှောက်သွား၏။ ကုလားမရှေ့ ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်ရ၏။ မိဘဆွေညာနှင့် ဝေးကွာနေရသော ပြည်ပစာသင်ဘ၀ဆိုတာ ဒီလိုပါပဲ။ ဒုက္ခ ပင်လယ်ထဲမှ သုခ ငှက်ငယ်ကို တဒင်္ဂငေးမောပြီး ဘ၀ရဲ့ လှပမှုကို ဖန်ဆင်းရတာပါပဲလေ….။ ။


ကလောင် = ဘုန်းဘုန်းသု
အမည် = ဦးသုဝဏ္ဏ
ဖုန်း = ၀၇၂၆၃၀၀၁၁၄

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, December 26, 2009

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ထေရ၀ါဒသာသနာ ကမ္ဘာလွှမ်းစေဖို့


ဤကမ္ဘာလောက၌ လူအမျိုးမျိုး ကိုးကွယ်ရာ ဘာသာ အမျိုးမျိုး ရှိကြသည်။အဓိက ကိုးကွယ်သည့် ဘသာသာကြီး လေးရပ်ရှိလေသည်။ ဗုဒ္ဓဘာသာ၊ ခရစ်စယာန်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် မူစလင်ဘာသာတို့ ဖြစ်ကြသည်။ထိုလေးမျိုးတွင် ဗုဒ္ဓဘာသာသည် အဓိကအားဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓ ဘာသာဟူ၍ နှစ်မျိုးရှိသည်။ ကမ္ဘာသူ ကမ္ဘာသားတို့သည် ဗုဒ္ဓဘာသာဟု ပြောလိုက်ပါက မဟာယာနဗုဒ္ဓဘာသာ အဖြစ်သာ အသိများကြသည်။ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံများနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ အကြောင်းကို သိသူနည်းပါးလှသည်။ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ပရိယတ် ၊ ပဋိပတ် ထွန်းကားသောကြောင့် လည်းကောင်း၊ သံဃာအရေအတွက် အများဆုံး ဖြစ်သောကြောင့်လည်းကောင်း ထေရ၀ါဒနိုင်ငံများထဲတွင် အထင်ရှားဆုံး ဖြစ်သည်။သို့သော် ကမ္ဘာသို့ သာသနာဖြန့်နိုင်မူနူန်းမှာ အနည်းဆုံး ဖြစ်ပေသည်။သာသနာပြုရာ၌ ကမ္ဘာသူကမ္ဘာသားအားလုံး နားလည်နိုင်ဖို့ရန် အခြေခံလိုအပ်ချက်မှာ ကမ္ဘာသုံး အင်္ဂလိပ်စာပေ တတ်ကျွမ်းမူပင် ဖြစ်ပေသည်။ ထိုလိုအပ်ချက်သည် ကျွန်ုပ်တို့နိုင်ငံရှိ သာသနာပြု အရှင်မြတ်တို့အတွက် အဓိကအားနည်းမူ ကြောင့် ဖြစ်ပေသည်။

ပခုက္ကူမြို့ ၊မဟာဝိသုတာရာမ အလယ်တိုက် ဆရာတော် ဦးပဏ္ဍိတာဘိဝံသဆရာတော်ဘုရားကြီးသည် ပိဋကတ်အရာမှာ ပါဠိတော် ၊ အဋ္ဌကထာ၊ ဋီကာ စသည်တို့၌ ထုံးလိုချေ ရေလိုနှောက် ကျမ်းတတ်ပေတတ် ဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်။ သို့သော် ဆရာတော်သည် အင်္ဂလိပ်စာပေကိုတော့ ကိုယ်တိုင်လည်း မတတ်ခဲ့ပေ။ အင်္ဂလိပ်စာ လေ့လာလိုက်စား သင်ယူသော စာသင်သားများကိုလည်း ကျောင်းတိုက်မှာ သီတင်းသုံးခွင့် မပြုခဲ့ပေ။လောကီ လောကုတ် နှစ်ဘက်ရ ကျမ်းပြုဆရာတော် ဦးကေလာသ (ဓမ္မာစရိယ ဘီအေ) ကျောင်းတိုက်၌ ရှိပါသော်လည်း သင်ကြားပို့ချခွင့် မရခဲ့ပေ။ အခွင့်သင့်၍ အခါကြုံလာသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ဆရာတော်ဘုရားကြီး သက်တော် (၈၀) ပြည့်ခါနီး အချိန်တွင် သူကိုယ်တိုင် နိုင်ငံခြား သာသနာပြုခရီး ကြွတော်မူခဲ့ရသည်။ နိုင်ငံခြားမှ ပြန်ရောက်လာသော ဆရာတော်ဘုရားကြီး၏ အတွေးအမြင် အယူအဆတို့သည် အံ့သြဖွယ် ပြောင်းလဲတော်မူခဲ့ပါသည်။ ကျောင်းတိုက်သို့ ပြန်ရောက်လာပြီး မကြာမီ ချက်ချင်းဆိုသလို သံဃာအားလုံးကို စည်းဝေး၍ အောက်ပါအတိုင်း သြ၀ါဒ ပေးတော်မူခဲ့ပါသည်။

“အရှင်ဘုရားတို့ တပည့်တော် စကားပြောတတ်ပါတယ်။ဒါပေမဲ့ နိုင်ငံခြားရောက်တော့ အ အ ဘ၀ရောက်ခဲ့ရတယ်။ တပည့်တော် မျက်စိကောင်းပါတယ်။ဒါပေမဲ့ နိုင်ငံခြားရောက်တော့ အကန်းဘ၀ ရောက်ခဲ့ရတယ်။ တပည့်တော် နားကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရောက်တော့ အထိုင်းဘ၀ ရောက်ခဲ့ရတယ်။တပည့်တော် အတွက်တော့ အရွယ်လွန် နောက်ကျခဲ့ပါပြီဘုရား။ အရှင်ဘုရားတို့ တပည့်တော်လို မ အ ဘဲနဲ့ အ အ ဘ၀ အရောက်မခံကြပါနဲ့ဘုရား။မကန်းဘဲနဲ့ အကန်းဘ၀ အရောက်မခံကြပါနဲ့ဘုရား။နားကြားပါလျက် အထိုင်းဘ၀ အရောက်မခံကြပါနဲ့ဘုရား။အင်္ဂလိပ်စာကို အချိန်ရှိတုန်း လေ့လာသင်ကြားကြပါဘုရား’’ဟု သြ၀ါဒ ပေးတော်မူခဲ့ပါသည်။ထို့မျှသာမက ဆရာတော် ဘုရားကြီးသည် ပညာရေးမှူးတစ်ယောက်ကို ခေါ်၍ စာချဘုန်းကြီးများအား အင်္ဂလိပ်စာ သင်ကြားစေ၍ စာသင်သားများအားလည်း လာရောက်သင်ယူနိုင်ကြောင်း အမိန့်ရှိခဲ့ပါသည်။ ဆရာတော်ဘုရားကြီး၏ အတုယူဖွယ် ကြည်ညိုဖွယ် ကောင်းသော စိတ်ဓာတ်ကို လေးစား လိုက်နာသင့်ပါသည်။မိမိ၏ မှားယွင်းသော အယူအဆကို မှားသည်ဟု သိသည်နှင့်တစ်ပြိုင်နက် ၀န်ခံခြင်း၊ ပြုပြင်နိုင်ခြင်းသည် ပညာရှိပီသပါပေသည်။ အရေးကြုံ ကိုယ်တွေ့မှ ယုံတတ်သော ပုဂ္ဂိုလ်များအတွက် သင်ခန်းစာ ယူဖွယ်လည်း ကောင်းလှပါသည်။ နောက်မှ ရသော ဆရာတော်ဘုရားကြီး၏ နောင်တသည် သူ့အတွက် အသုံးမ၀င်သော်လည်း တပည့်များအ တွက်တော့ ခိုင်မာသော သာဓကတစ်ခုအဖြစ် ဖော်ပြနိုင်ခဲ့ပေသည်။

စာရေးသူတို့ မြန်မာနိုင်ငံသည် ကမ္ဘာမှာ ထေရ၀ါဒဗုဒ္ဓသာသနာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်။စာပေ ကျမ်းဂန် တတ်ကျွမ်းသော ဆရာတော်များ ၊ ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သည့် သာသနာ့အာဇာနည် ဆရာတော်များ ပေါ်ထွန်းရာ ဘူမိနက်သန် နေရာမှန်အဖြစ် အထင်ရှားဆုံးသော နိုင်ငံလည်းဖြစ်သည်။ကမ္ဘာတစ် ၀ှမ်းက ပညာရှင်များက ထေရ၀ါဒဗုဒ္ဓသာသနာအကြောင်း စိတ်ဝင်စား၍ လာရောက်လေ့လာကြသည်။ထိုအခါ ပိဋကတ်စာပေသာ တတ်ကျွမ်းကြသော သာသနာ့ခေါင်းဆောင် ဆရာတော်များမှာ ကမ္ဘာသုံး အင်္ဂလိပ်စကားကို မပြောတတ်၍ အ အ နှင့်တူလေတော့၏။ အင်္ဂလိပ်စာသာ တတ်သော နိုင်ငံခြားသားနှင့် တခြားလူတို့မှာတော့ ပိဋကတ်စာပေ မတတ်သဖြင့် အကန်းနှင့် တူလေတော့၏။ နှစ်ဦးနှစ်ဖက် အကျိုးမထွက်သဖြင့် ၀မ်းနည်းစရာ ကောင်းသော ဖြစ်ရပ်ပင် ဖြစ်ပါတော့သည်။ ဘာသာရေးနှင့် ပတ်သက်၍ ဘာသာပြန်သူကို အားကိုးခြင်းသည် မှားယွင်းသော လမ်းစပင် ဖြစ်ပါသည်။ဘာသာပြန်တစ်ယောက်က နိုင်ငံခြားသားတစ်ယောက်အား ဘုရားရင်ပြင်တော်၌ ရှိသော တံခွန်တိုင်အကြောင်း ရှင်းပြနေသည်ကို စာရေးသူကိုယ်တိုင် ကြားခဲ့ဘူးပါသည်။ နိုင်ငံခြားသားက ဘာလဲလို့ မေးသောအခါ “Buddha’s pen” မြတ်စွာဘုရား၏ ဖောင်တိန်ဟု ဖြေလိုက် လေသည်။လမ်းညွှန်တစ်ယောက်၏ ဘာသာရေး ဗဟုသုတ မရှိမူကြောင့် အဓိပ္ပါယ်အယူအဆ လွဲမှားခဲ့ရသည်။ ဘာသာရေးနှင့် ပတ်သက်လျှင် ဘာသာရေးခေါင်းဆောင်များသာ အသိဆုံးဖြစ်ပါသည်။သို့သော် အများစုသည် မိမိသိထား တတ်ထားသော အသိပညာ အတတ်ပညာတတ်တို့ကို အင်္ဂလိပ်စာပေဖြင့် ရှင်းလင်း မပြနိုင်ပေ။ ထို့သို့ ဖြစ်ရသည်မှာ ________

အမြင်ကျဉ်းသူ တစ်ချို့က ကမ္ဘာ့သာသနာပြုဖို့ထက် မြန်မာသာသနာကိုပဲ ကောင်းကောင်း ပြုပါဦးဟု ဆိုကြသေး၏။ဤကဲ့သို့ အတွေးအခေါ် အယူအဆများ လွှမ်းမိုးနေသောကြောင့် မြန်မာနိုင်ငံ၌ ပိဋကတ် အကျော်အမော် များစွာရှိသော်လည်း ကမ္ဘာကို တင်ပြနိုင်ခွင့် မရှိသည်ကို သတိပြု သင့်ပေသည်။ အင်္ဂလိပ်စာသင်ကြားပို့ချခြင်း၊ အင်္ဂလိပ်စာပေ တတ်မြောက်ခြင်းသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများအတွက် အပြစ်ကြီးတစ်ခု လွန်ကျူးနေမိသလို တစ်ချို့က ပြောကြပြန်သေးသည်။ မြတ်ဗုဒ္ဓက ကာမဂုဏ်အကြောင်းကို တကယ်သိတော်မူ သောအခါ ကာမဂုဏ်ရဲ့ ကောင်းကျိုးကို မတွေ့ရ ဆိုးကျိုး အပြစ်တွေကိုသာ မြင်တွေ့ရကြောင်း မိန့်တော်မူသကဲ့သို့ အင်္ဂလိပ်စာ ကျွမ်းကျင်သော ပညာရှင်တို့ကလည်း တကယ်တမ်းသာ အင်္ဂလိပ်စာတတ်ခြင်း၏ ဆိုးကျိုးအပြစ်တွေ ရှိမည်ဆိုလျှင် မသင်သင့်ကြောင်း၊ မတတ်သင့်ကြောင်း၊ မလေ့လာသင့်ကြောင်း ပြောကြမည်သာ ဖြစ်ပါ၏။ သို့သော်လည်း တစ်ဦးတစ်ယောက်မျှ အထက်ပါအတိုင်း ပြောခဲ့သည်ကား မတွေ့ဘူးပေ။

ကျွန်ုပ်တို့နိုင်ငံ၌ အင်္ဂလိပ်စာပေ တတ်ကျွမ်းသူ သာသနာ့ခေါင်ဆောင်များ အင်အားနည်းပါးလှပါ၏။ ပို၍ဆိုးသည်မှာ လေ့လာသင်ယူနေသူများကို အားပေးအားမြောက်ပြုရမည့်အစား ကဲ့ရဲ့ရူံ့ချ အပြစ်တင် ဝေဘန်ခြင်းပင် ဖြစ်ပါ၏။ထိုသူတို့၏ လက်သုံးစကားများမှာ “ အင်္ဂလိပ်စာ သင်ယူလျင် လောကီအလုပ်တဲ့။ လူထွက်တော့မယ်တဲ့’’ လူထွက်ခြင်း၊ မထွက်ခြင်း ဆိုသည်မှာ အင်္ဂလိပ်စာ တတ်ခြင်း မတတ်ခြင်းနဲ့ မသက်ဆိုင်ပေ။လက်ရှိ မျက်မှောက်ခေတ်၌ အင်္ဂလိပ်စာတတ် ဆရာတော်များ ကမ္ဘာမှာ ထင်ရှားပြီး အရေးပေးခြင်း ခံရသည်ကို မသိနားမလည်၍သာ ဆိုခြင်းဖြစ်ပေသည်။နောက်တစ်ခု ရှိသေး၏။ အင်္ဂလိပ်စာတတ်လျှင် ပါဠိစာပေဘက်၌ သဒ္ဓါတရား အားနည်းသွား၏ဟု ဆိုကြသေး၏။ မြန်မာအက္ခရာဖြင့် ရေးသားထားသော ပါဠိစာပေကိုသာ သိနားလည်ထားသူ၏ အမြင်သဘောထားပင် ဖြစ်ပါသည်။အမှန်တကယ် မှာ အင်္ဂလိပ်အက္ခရာဖြင့် ရေးသားထားသော ပါဠိစာပေ၊ တစ်ခြား အက္ခရာ အမျိုးမျိုးဖြင့် ရေးသားထားသော ပါဠိ စာပေများ ရှိသည်ကိုလည်း နားလည်ထားမည်ဆိုလျင် ထိုအမြင်မျိုး ရှိလိမ့်မည် မဟုတ်ပေ။ပို၍ ဆိုးသည့် စွပ်စွဲချက်မှာ အင်္ဂလိပ်စာပေကို သင်ယူခြင်း ချပို့ပေးသည် တိရိစ္ဆာန၀ိဇ္ဇာ(တိရစ္ဆာန်အတတ်ပညာ)သာ ဖြစ်သည်။ ဤသို့စွပ်စွဲ ပြောဆိုခြင်းသည် ပါဠိစာပေကို နှံ့စပ်အောင် မသိနားမလည်၍ ပြောဆိုခြင်း ဖြစ်ပေမည်။ သို့မဟုတ် နားလည်ပါလျက် ပြောဆိုသော သူသည် မိမိကိုယ်တိုင် အင်္ဂလိပ်စာ မသိမတတ်သဖြင့် ကဲ့ရဲ့ပြစ်တင်လို ခြင်းကြောင့် ကိုယ်လိုရာဆွဲယူ၍ ပြောဆိုခြင်း ဖြစ်ပေမည်။အမှန်တကယ် တိရိစ္ဆာန၀ိဇ္ဇာဆိုသည်မှာ ၀ိနည်းပါဠိတော်၌- တိရိစ္ဆာန၀ိဇ္ဇာနာမ ယံ ကိဥ္စိ ဗာဟိရကံ အနတ္ထသံဟိတံ။ သာသနာပ၌ ဖြစ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော အတတ်များကို ဆိုလိုပါသည်။၎င်းအတတ်တို့မှာ ကင်္ခါဝိတရဏီအဋ္ဌကထာ၌ ဟတ္ထိအဿရထဓနုထရုသိပ္ပအာထဗ္ဗဏခီလန၀သီကရဏသောသာပနမန္တာဂဒပ္ပယောဂါဒိဘေဒံ ပရူပဃာတ ကရံ။ ဆင်အတတ်၊ မြင်းအတတ်၊ ရထားအတတ်၊ လေးအတတ်၊ ဓားဆောက်ချွတ်အတတ်၊ အာထဗ္ဗနမန္တန်၊ ခိလနမန္တန်၊ ၀သီကရဏမန္တန်၊ သောသာပနမန္တန်၊ အဆိပ်ဆေးဖော်စပ်နည်း စသည် အပြားရှိသော သူတစ်ပါးကို ညှင်းဆဲနှိပ်စက်မူကို ပြုတတ်သော အတတ်ပညာများကိုသာ တိရစ္ဆာန၀ိဇ္ဇာခေါ်ကြောင်း ဖော်ပြထားသည်ကို ထောက်ဆခြင်းအားဖြင့် အင်္ဂလိပ်စာပေ သင်ကြားခြင်း ၊ လေ့လာခြင်းသည် တိရစ္ဆာန၀ိဇ္ဇာ မဟုတ်ကြောင်း လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှားလှ ပေသည်။

ကမ္ဘာသုံး အင်္ဂလိပ်စာ မတတ်လျင် မြတ်ဗုဒ္ဓ၏ စစ်မှန်သော တရားတော်တွေကို ကမ္ဘာတစ်ဝှမ်းသို့ မည်သို့ ပြန့်ပွားအောင် ဆောင်ရွက်နိုင်မည်နည်း။ အင်္ဂလိပ်စာကို တကယ် တတ်ကျွမ်းပြီး ကမ္ဘာကို သာသနာ ပြန့်ပွားအောင် သာသနာ ပြုနေတော်မူကြသော ဆရာတော် သံဃာတော် အရှင်မြတ်တွေဟာ သဒ္ဓါတရား မရှိတော့ဘူးလို့ ယူဆကြမှာလား။ ပိဋကတ်စာပေတွေ တတ်ပြီး ကိုယ့်ရပ်ကွက်ကိုမှ သာသနာမပြုနိုင်သူကို သဒ္ဓါတရား ကောင်းသူလို့ သတ်မှတ်ကြမှာလား။ သဒ္ဓါတရား ကောင်း မကောင်းကို မည်သည့်ပေတံဖြင့် တိုင်းတာကြမလဲ။တစ်ယူသန် တစ်ဖက်သတ်ဆန္ဒဖြင့် ကိုယ်ကျိုးမဖက် အများအတွက် သာသနာပြု တော်မူကြသော ကမ္ဘာကျော် ဆရာတော်များကို မပြစ်မှားသင့်ပေ။ကျွန်ုပ်တို့ မြန်မာနိုင်ငံမှ အင်္ဂလိပ်စာပေ တကယ်တတ်ကျွမ်းပြီး သာသနာကို ကမ္ဘာက သိအောင် ဖော်ထုတ်တော်မူခဲ့ကြသော ဆရာတော် ဦးသေဋ္ဌိလာဘိဝံသ၊ဒေါက်တာ ဦးသီလာနန္ဒာဘိဝံသ၊သက်တော်ထင် ရှား ရှိတော်မူသော ပီနန်ကျွန်းဆရာတော် ဦးပညာဝံသ၊ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ စသော ဆရာတော်ကြီးများကို ဂုဏ်ယူဘွယ် လေးစားဘွယ်အဖြစ် အားကျ အတုယူသင့်သည်။ ထေရ၀ါဒသံဃာ အများဆုံးဖြစ်သော ကျွန်ုပ်တို့ နိုင်ငံမှ ပြည်ပသာသနာပြုအဖြစ် ရှားရှား ပါးပါး သာသနာ့အာဇာနည်များပင် ဖြစ်ပါသည်။အမှန်အတိုင်း ၀န်ခံရမည် ဆိုလျင် ယနေ့ ကမ္ဘာမှာ ဗုဒ္ဓဘာသာဟု လူသိများလာသည်မှာ သီရိလင်္ကာနိုင်ငံမှ အင်္ဂလိပ်စာပေကို တကယ်တတ်ကျွမ်းတော်မူကြသော သာသနာပြုဆရာတော်များ ကျမ်းပြုအကျော် ဆရာတော်များ နှင့် မဟာယာနဗုဒ္ဓဘာသာ တိုင်းပြည်များမှ မဟာယာနဆရာတော်များ၏ ဖြန့်ဝေမူကြောင့်ဟု ဆိုလျင် မှားအံ့မထင်။

ထို့ကြောင့် အမြင်ကျယ်သော ဆရာတော်များသည် အင်္ဂလိပ်စာပေ၏ အရေးပါမူကို သိမြင်နားလည် တော်မူကြသည်။အင်္ဂလိပ်စာပေကို မိမိကိုယ်တိုင်လည်း လေ့လာသင်ယူ၏။တပည့်အဆက်ဆက်ကိုလည်း သင်စေ၏။ ကျွန်ုပ်တို့နိုင်ငံ၌ ပိဋကတ်စာပေ တတ်ကျွမ်းသော ဆရာတော်သံဃာတော်များ ပေါများလှပါ၏။သို့ သော် ကမ္ဘာသုံး အင်္ဂလိပ်စာပေ မရသောကြောင့် ကမ္ဘာအလယ်မှာ မျက်နှာငယ်ခဲ့ကြရသည်။စာမတတ် ပေမတတ်ဟု အထင်ခံခဲ့ကြရသည်။ထိုအကြောင်းကို ကောင်းကောင်းသိတော်မူသော မန္တလေးတိုင်း၊ပုသိမ်ကြီး မြို့နယ်၊ ရန်ကင်းတောင်ခြေ၊ ဥယျာဉ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဦးဇောတိက (ဓမ္မာစရိယ MA SriLanka) သည် ခေတ်မီ စာသင်တိုက် တည်ထောင်တော်မူခဲ့ပါသည်။အတန်းတိုင်း အတန်းတိုင်း၌ အင်္ဂလိပ်ဘာသာ မသင်မနေရ တစ်ဘာသာအဖြစ် ပြဋ္ဌာန်း၍ သင်ကြားတော်မူခဲ့ပါသည်။ယခုဆိုလျှင် စာသင်တိုက်သက်တမ်း နှစ် (၂၀) ခရီးထိ အောင်မြင်စွာ ရောက်ရှိခဲ့ပါသည်။ပြည်တွင်းမှ ဘွဲ့ရတပည့်များ၊ ပြည်ပမှ ဘွဲ့ရတပည့်များ နှစ်စဉ် နှစ်တိုင်း မွေးထုတ်ပေးနိုင်ခဲ့သည်မှာ ၀မ်းမြောက် ဂုဏ်ယူဖွယ် ကောင်းလှပါသည်။ထို့ပြင် ဆရာတော်၏ အားပေး တိုက်တွန်းမူ ၊ကိုယ်တိုင်ချီးမြှင့်မူကြောင့် ရန်ကုန်မြို့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၊ နေပြည်တော် အောင်စည်သာပရိယတ္တိစာသင်တိုက်၊ မုံရွာမြို့ အုတ်ကန်တောရ ပရိယတ္တိစာသင်တိုက်၊ ရွှေဘိုမြို့ အောင်ဆုပန်ပရိယတ္တိစာသင်တိုက်၊ရန်ကင်းတောင် ရေငုံပရိယတ္တိစာသင်တိုက်၊ အတုလမဟာမြကျောက် ပရိယတ္တိစာသင်တိုက်တို့သည်လည်း ကမ္ဘာသုံး အင်္ဂလိပ်စာပေ မသင်မနေရ ဘာသာတစ်ရပ်အနေဖြင့် ပြဌာန်း သင်ကြားလျက် ရှိပေသည်။

အင်္ဂလိပ်စာ မတတ်သူများအတွက် ပြည်တွင်းမှာ နေလျှင် အခက်အခဲ မရှိလှပေ။သို့သော် အခွင့်သင့်၍ နိုင်ငံခြားခရီး ထွက်ခွာခွင့် ကြုံလာပါက လေယာဉ်ပေါ်တက်သည့်အချိန်မှ စ၍ အခက်အခဲ ဒုက္ခများနှင့် ရင်ဆိုင်ရမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာလှပေသည်။ပြည်ပသို့ ပညာသင်ထွက်ခဲ့စဉ်က စာရေးသူအနေ ဖြင့် ပြောပလောက်သော အခက်အခဲ မရှိခဲ့ဘူးပေ။မိတ်ဆွေ သူငယ်ချင်းရဟန်းတော် တစ်ပါး၏ တွေ့ကြုံခဲ့ရ သော ဒုက္ခအခက်အခဲမှာတော့ ရယ်ချင်စရာပင် ကောင်းလှပါတော့သည်။ထိုပုဂ္ဂိုလ်ကား မြန်မာနိုင်ငံ၌ ဘွဲ့ပေါင်း မြောက်များစွာ ရရှိထားသော ပိဋကတ်အကျော်အမော် နာမည်ကြီး စာချဆရာတော် တစ်ပါးပင်ဖြစ်ပါသည်။ သူသည် ပိဋကတ်သုံးပုံကို နှံစပ်အောင် လေ့လာသင်ယူ တတ်မြောက်ထားသော်လည်း ကမ္ဘာသုံး အင်္ဂလိပ်စာ ပေ၌ အက္ခရာပင် ကွဲကွဲပြားပြား မသိရှာပေ။ ထို့ကြောင့်ပင် ထိုပုဂ္ဂိုလ်အတွက် လေယာဉ်ပေါ် တက်လာက တည်းက ဒုက္ခများနှင့် ရင်ဆိုင်ရတော့သည်။ လေယာဉ်ပေါ်ရှိ မိမိထိုင်သောခုံမှ ခလုတ်များကို တောင်နှိပ် မြောက်နှိပ် လုပ်ကြည့်မိသည်။ မီးစိမ်းပေါ်လာလိုက်၊ မီးနီပေါ်လာလိုက် ဖြစ်သွားပြီး နောက်ဆုံး လေယာဉ်မယ်ခေါ်သော ခလုတ်ကို နှိပ်မိလိုက်သဖြင့် လေယာဉ်မယ် ရောက်လာပါတော့သည်။ လေယာဉ်မယ်က စကားများ ပြောသွားသည်။ဘာပြောသည်ကို နားလည်းမလည် သိလည်း သူမသိလိုက်။ သတိထားမိသည်မှာ ချွေးတွေ ထွက်လာပြီး မျက်လုံးလေး အပြူးသားနဲ့ လေယာဉ်မယ်ကိုသာ ငေးစိုက် ကြည့်ခဲ့ရသည် ဆို၏။ သူ့ရဲ့ ဒုက္ခက ဤမျှနှင့် မဆုံးသေးပေ။ လေယာဉ်ပေါ်ရှိ ခရီးသည်အားလုံး ဖြည့်ပေးရသော White card စာရွက် ရောက်လာသည်။ သူကိုယ်တိုင်လည်း မဖြည့်တတ်။ သူများကိုလည်း အကူအညီ မတောင်းတတ်ဆိုတော့ ပါလာသော အိတ်ထဲ၌သာ ထိုးထည့်လိုက်မိသည်။ လေယာဉ်ပေါ်မှ ဆင်းပြီး immigration office (လူဝင်မူ ကြီးကြပ်ရေးရုံး ) က white card တောင်းသောအခါ အရှက်တကွဲ အကျိုးနည်း ခဲ့လေတော့သည်။ အင်္ဂလိပ်စာ မတတ်ဘဲ ပြည်ပထွက်လာသူ၏ ဒုက္ခအခက်အခဲများကား ပြောမဆုံးပေါင် တောသုံးတောင်ပင် ဖြစ်ပါတော့သည်။

မိတ်ဆွေ သူငယ်ချင်း၏ ထိုအဖြစ်အပျက်ကို တွေးမိလေတိုင်း သူ့အတွက်လည်း စိတ်မကောင်း ဖြစ်မိသည်။ ရှေးရိုးမှ ရှေးရိုးဟု ဆိုသော တစ်ယူသန် ၀ါဒစွဲ ဆရာသမားများကိုလည်း လျောက်ထား လိုက်ချင်ပါတော့သည်။ခေတ်ပေါ် ကား ၊ လေယာဉ်စသည်တို့ကို မစီးဘဲ ခြေလျင် (သို့မဟုတ်) နွားလှည်းသာ စီးသင့်ပါတော့သည်ဘုရားဟုပင် ဖြစ်ပါသည်။ စာရေးသူ၏ ဘ၀မှာတော့ ထိုကဲ့သို့သော အခက်အခဲမျိုး မကြုံခဲ့ရဘူးပေ။ အမြင်ကျယ်သော ဥယျာဉ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး၏ ထံတော်မှောက်၌ ငယ်စဉ်တောင်ကျေး ကလေးဘ၀အရွယ်မှ စ၍ (၁၇) နှစ်တိုင်တိုင် ဆည်းကပ်သင်ယူ လေ့လာခဲ့သော ကျေးဇူးကြောင့်ပင် ဖြစ်ပေသည်။ဆရာတော်၏ တပည့်ဖြစ်ရသည်ကို “ အရတော်ပေစွ’’ ဟု အဖန်ဖန်တွေး၍ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူကြည်နူးမိပါသည်။ကျွန်ုပ်တို့ မြန်မာပြည်၌ ထိုကဲ့သို့သော စာသင်တိုက်များ တိုးတက်လာဖို့ အချိန်တန်ပြီ ဖြစ်သည်။ ၀ါးလုံးခေါင်းထဲ၌ လသာနေသကဲ့သို့ ကျွန်ုပ်တို့ နိုင်ငံ၌ ပိဋကတ်အ ကျော်အမော် သာသနာ့အာဇာနည်ပုဂ္ဂိုလ် များစွာ ရှိသော်လည်း ကမ္ဘာသုံး အင်္ဂလိပ်စာပေ မတတ်ကျွမ်းမူ ကြောင့် ကျယ်ပြန့်စွာ သာသနာမပြုနိုင်ကြပေ။ ပုတ်ခတ်လိုခြင်း၊ အထင်သေးခြင်း၊ စော်ကားလိုခြင်းကြောင့် ဤသို့ တင်ပြ ပြောဆိုခြင်း မဟုတ်ပါ။ ကမ္ဘာမှာ ဘယ်ဘာသာနှင့်မျှ နိုင်းယှဉ်၍ မရအောင် သင့်လျော် မှန်ကန် ကောင်းမြတ်လှသော မြတ်ဗုဒ္ဓ၏ ဒေသနာတော်များကို ရေရှည်တည်တံ့စေနိုင်အောင်လည်းကောင်း၊ မြန်မာ့သာသနာ ကမ္ဘာက သိစေလိုသော ဆန္ဒဖြင့်လည်းကောင်း ရင်ထဲမှာ ရှိသော ခံစားချက်များကို တင်ပြခြင်းသာ ဖြစ်ပါ၏။

ကျွန်ုပ်တို့နိုင်ငံ၌ ပိဋကတ်စာပေများကို အချိန်အားဖြင့်လည်း၊ အရေအတွက်အားဖြင့်လည်းကောင်း၊ ကိုယ်အား ဥာဏ်အား ၀ီရိယအားဖြင့်လည်းကောင်း အများကြီး ပေးဆပ်၍ လေ့လာသင်ယူကြရသည်။သို့သော် လက်တွေ့ အသုံးချမူမှာ လုံးဝမရှိသလောက် နည်းပါးလှပေသည်။ ထို့ကြောင့်ပင် လုပ်ငန်းခွင် မ၀င်ဘူးသော ဘွဲ့ရ ပညာတတ် တစ်ယောက်ကဲ့သို့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရသောအခါ ယောင်တောင်တောင် ကြောင်တက်တက် ဖြစ်နေကြရသည်။ပြောင်းလဲသင့်သော ပညာရေးစနစ်ပင် ဖြစ်ပါသည်။သီရိလင်္ကာနိုင်ငံ၌ ပိဋကတ်စာပေများကို နည်းနည်းသင်ပြီး များများ အသုံးချနိုင်ကြသည်။ပါဠိစာပေဖြစ်စေ၊ အင်္ဂလိပ်စာပေဖြစ်စေ သာသနာဝန်ထမ်း ရဟန်းတော်များသာမက လူပုဂ္ဂိုလ်များပင် ရေးနိုင် ၊ဖတ်နိုင် ၊ ပြောနိုင်ကြသည်။ လက်ရှိအချိန်အခါ၌ ပိဋကတ်သုံးပုံ အာဂုံဆောင် ပုဂ္ဂိုလ်များ မရှိတော့ပေ။သို့သော် ပါဠိတော်နှင့် ပတ်သက်၍ ခွဲခြားပိုင်းဖြတ်သည့် နေရာမှာ အတုယူဖွယ် ကောင်းလှပါသည်။ကျွန်ုပ်တို့ မြန်မာကျောင်းသား ရဟန်းတော်များ သိထားခဲ့ပြီးသော အကြောင်းအရာ အချက်အလက်များကိုပင် စိတ်ဝင်စားဖွယ်ဖြစ်အောင် သင်ပြနိုင်စွမ်း ရှိသည်ကို လေ့လာတွေ့ရှိ ရပါသည်။တနည်းအားဖြင့် ဆိုရသော် မြန်မာနိုင်ငံ၌ အခြေခံအဆင့်မျှသာ ရှိသော ပိဋကတ်စာပေများကို အင်္ဂလိပ်စာပေဖြင့် ပြန်လည် သင်ပြပေးသောအခါ အင်္ဂလိပ်စာ အားနည်းသော ကျွန်ုပ်တို့ မြန်မာကျောင်းသား များအဖို့ အသစ်အဆန်းပင် ဖြစ်နေပါတော့သည်။ အလျင်းသင့်၍ တင်ပြချင်ပါသည်။နှစ်စဉ် နှစ်တိုင်း သီရိလင်္ကာ ရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ အရေအတွက်သည် တိုးတက် များပြားလျက် ရှိပါသည်။ဘာ ကြောင့် များပြားလာသနည်း ဟူသော မေးခွန်း၏ အဖြေကား မြန်မာနိုင်ငံ၏ ဘုန်းတော်ကြီး ပညာရေးစနစ်သည် တစ်လမ်းသွား ဖြစ်နေခြင်းကြောင့်ဟု လိုရင်းတိုရှင်း ဖြေနိုင် ပါသည်။သီရိလင်္ကာသို့ ပညာသင်ကြွလာရောက် သော ကျောင်းသား ရဟန်းတော်တစ်ပါး၏ ကုန်ကျစရိတ်မှာ အနည်းဆုံး မြန်မာကျပ် သိန်း(၃၀) ၀န်းကျင် ဖြစ်သည်။ ယခု ၂၀၀၉ခု ပညာသင်နှစ်အတွင်း မြန်မာကျောင်းသား ရဟန်းတော်များ၏ အရေအတွက်မှာ ၂၃၈ ပါး ဖြစ်သည်။ထို့ကြောင့် စုစုပေါင်း တစ်နှစ်စာ ကုန်ကျငွေ မြန်မာကျပ်အားဖြင့် အနည်းဆုံး သိန်းပေါင်း (၇၁၄၀)လောက် ဖြစ်သည်။မြန်မာဘဏ္ဍာရေးအတွက် စဉ်းစားသင့်သော အချက်အလက်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ စာသင်တိုက် ခေါင်းဆောင် ဆရာတော်များက တညီတညွှတ်တည်း စာသင်သားတို့၏ ပညာရေးစနစ်ကို ပြောင်းလဲလိုက်မည် ဆိုပါက တစ်ခြားနိုင်ငံသို့ သွားရောက် သင်ကြားစရာ လိုတော့မည် မဟုတ်ပေ။အင်္ဂလိပ်စာပေကို အထင်ကြီး လေးစားလွန်း၍ သင်ယူလေ့လာခြင်းမျိုး မဟုတ်ဘဲ မသင်၍ မတတ်၍ မဖြစ်သောကြောင့် လေ့လာသင်ယူရခြင်း ဖြစ်သည်ကို နားလည်သင့်ပါသည်။

အချုပ်အားဖြင့် ဆိုရသော် ကမ္ဘာလူဦးရေနှင့် နိုင်ငံများသည် နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာပါ သည်။လူဦးရေ တိုးတက်လာသည်နှင့်အမျှ နည်းပညာ ၊အသိပညာ၊ အတတ်ပညာတို့သည်လည်း တစ်ဟုန်းထိုး မြင့်တက်နေပေသည်။မည်သို့ဆိုစေ မြန်မာဆိုသည်မှာ ကမ္ဘာလူဦးရေနှင့် နိုင်းယှဉ်ကြည့်ပါက အလွန်သေးငယ် သော အစိတ်အပိုင်းမျှသာ ဖြစ်ပါ၏။သို့သော် ဗုဒ္ဓဘာသာ ရူထောင့်မှ ကြည့်ပါက ထေရ၀ါဒဗုဒ္ဓဘာသာ (၅) နိုင်ငံ တွင် ပရိယတ်အားဖြင့်လည်းကောင်း၊ ပဋိပတ်အားဖြင့်လည်းကောင်း၊ သံဃာအရေအတွက်အားဖြင့်လည်း ကောင်း၊ ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားအားဖြင့်လည်းကောင်း အသာဆုံး ၊အမြင့်ဆုံး အဆင့်တွင် ရပ်တည်လျက် ရှိပါသည်။ထို့ကဲ့သို့ အဆင့်အတန်း ရှိပါလျက် ကမ္ဘာမှာ မြန်မာသာသနာကို လူသိနည်းရခြင်း သည် တစ်ခုတည်းသော အားနည်းချက်ကြောင့် ဖြစ်ပါ၏။ထိုအားနည်းချက်မှာ မိမိသိထား၊တတ်ထား၊ သင်ယူလေ့လာထားသော ပညာရပ်များကို သူတစ်ပါးအား ပြန်လည်၍ ရှင်းမပြနိုင်သောကြောင့် ဖြစ်ပါသည်။ ကမ္ဘာသူ ကမ္ဘာသားတို့အား ရှင်းပြနိုင်ဖို့ရန်အတွက် အခြေခံလိုအပ်ချက်သည် ကမ္ဘာသုံး အင်္ဂလိပ်စကား ကျွမ်းကျင် တတ်မြောက်ဖို့ပင် မဟုတ်ပါလော။ ထို့ကြောင့် သာသနာခေါင်းဆောင် ၊စာသင်တိုက်ခေါင်းဆောင် ဆရာတော်များ အနေဖြင့် “ငါတို့မှ မသိခဲ့တာ တပည့်တို့လည်း သိစရာ မလိုဘူး” ဆိုသော အမြင်သဘောထား မျိုး မရှိကြဘဲ “ ငါတို့ညံ့ခဲ့ပေမဲ့ တပည့်စဉ်ဆက် မညံ့စေရ၊ ငါတို့ မသိခဲ့ မတတ်ခဲ့ပေမဲ့ တပည့်စဉ်ဆက် တတ်စေ ရမည် မညံ့စေရ” ဟူသော အမြင်ကျယ်သော သဘောထားကြီးသော စိတ်ထားမျိုးဖြင့် မြန်မာသာသနာ တနည်း အားဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာ ကမ္ဘာကို လွှမ်းစေဖို့ ခေတ်သစ် ပညာရေး စနစ်သို့ တညီတညွတ်တည်း ပြောင်းလဲ ချီတက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါတော့သည်။

ဦးဉာဏိန္ဒ

ခေတ္တ - ကိုလံဘိုမြို့

သီရိလင်္ကာနိုင်ငံ

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒီဇိုင်း : Free Skin For Myanmar Bloggers